0

မိသားစုထဲမှာ သားအလတ် တစ်ယောက်လည်း ဖြစ်သလို ငယ်စဉ်ကတည်းက အရမ်းကို ဂျီကျတတ်တဲ့အတွက် ဖခင်ဖြစ်သူက ‘ဂျီလတ်’ ဟု စနောက်ခေါ်ရာမှ အနုပညာအလုပ်တွေ လုပ်ဖြစ်လာတဲ့အခါ အဲ့ဒီနာမည်နဲ့ပဲ လုပ်ဖြစ်ခဲ့ပြီး ဂီတလမ်းကြောင်းပေါ်မှာ နေရာတစ်ခု အခိုင်အမာနဲ့ ရပ်တည်လာနိုင်သူ တေးသံရှင် ဂျီလတ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အမှတ်တရ အကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …

ငယ်စဉ်က Drum တီးသမား တစ်ယောက်ဖြစ်ချင်ခဲ့ပြီး ရှစ်တန်း ကျောင်းသား အရွယ်လောက် ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ဂီတ၀ါသနာကြောင့် ဘ၀မှာ ဂီတသမား တစ်ယောက်အဖြစ်သာ ရပ်တည်သွားမယ်လို့ ရည်မှန်းချက်တစ်ခု အခိုင်အမာ ချမှတ်ခဲ့တဲ့ ဂျီလတ်ကို ၁၉၈၀ ပြည့်နှစ်မှ မွေးဖွားခဲ့တာပဲဖြစ်ပြီး ရန်ကုန်ဇာတိ ဖြစ်ပါတယ်။

မွေးချင်း လေးဦးအနက် တတိယမြောက် သားတစ်ယောက်ဖြစ်ပြီး အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နဲ့ ညီတစ်ယောက်ရှိပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ ‘မင်းဘုန်းလတ်’ ဖြစ်ပြီး သူ့ရဲ့ညီကတော့ တေးရေး၊ တေးဆို ‘ကမ္ဘာ’ ပဲ ဖြစ်ပါတယ်။
“ကျွန်တော့်အဖေက အရင်တုန်းက တပ်မတော်လေတပ်မှာ စစ်မှုထမ်းတယ်။ နောက်ပိုင်းမှာ သင်္ဘောလိုက်တယ်။ စာလည်း သင်တယ်။ အဖေဆုံးတာတော့ အခုဆို လေးလကျော်လောက်ပဲ ရှိပါသေးတယ်။ အဖေက အရင်တုန်းကလည်း မြန်မာသီချင်းတွေလည်း ကောင်းကောင်း ရေးနိုင်တယ်။ ဆန်စပါးအသင်းအတွက်လည်း သီချင်းတွေ ရေးပေးခဲ့ဖူးတယ်။ ကဗျာတွေ၊ လေးချိုးတွေ ရေးတယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့ အနုပညာ Life တွေက အရမ်းကို ခက်ခဲခဲ့တော့ ကျွန်တော်တို့အလှည့်မှာ အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေဆို မလုပ်စေချင်ဘူး။ ကျွန်တော် ခုနစ်တန်းနှစ်လောက် ရောက်တော့ Drum တီးချင်တယ်လို့ အဖေ့ကိုပြောတော့ အဖေက လုံးဝလက်မခံခဲ့ဘူး။ အဲဒါနဲ့ Drum တီးတဲ့အလုပ်ကို ကျွန်တော် မလုပ်ခဲ့ရဘူး။ အဖေ သင်္ဘောလိုက်နေတဲ့အချိန်မှသာ ကိုယ့်ဘာသာကိုယ် သူငယ်ချင်းတွေနဲ့ သီချင်းတွေ လုပ်ဖြစ်တယ်။ သူပြန်လာရင် မလုပ်တော့ဘူး။ အဲဒီလိုမျိုး။ တစ်ရက်သူ မြန်မာပြည် ပြန်ရောက်နေတဲ့အချိန် ကျွန်တော် သီချင်းဆိုတာကို အမှတ်မထင် ကြားသွားတော့ သူသဘောကျသွားပြီး ‘မင်းလုပ်မယ်ဆိုရင် ဒီအလုပ်ကို သေချာလုပ်’ ဆိုပြီး ပြောခဲ့တယ်။ ဒါက ငါ့ကို ဂီတအလုပ်တွေ လုပ်ခွင့်ပြုလိုက်တာပဲဆိုပြီး အဲဒီနောက်ပိုင်း သီချင်းတွေကို သေချာလေးလုပ်ဖြစ်ခဲ့တယ်” လို့ သူကပြောပါတယ်။
သူ့အသက် သုံးနှစ်သား အရွယ်လောက်မှာ ပြည်မြို့ကို မိသားစုတွေ ပြောင်းဖြစ်ခဲ့ပြီး၊ သူငယ်တန်းကနေ နှစ်တန်းအထိကို ပြည်မြို့ကကျောင်းမှာ တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သုံးတန်းနှစ်ကနေ ငါးတန်း နှစ်ဝက်အထိကို ရန်ကုန်၊ ဗိုလ်တထောင် (၆) ကျောင်းမှာတက်ဖြစ်ခဲ့ပြီး၊ ငါးတန်း နှစ်ဝက်မှာတော့ မေမြို့ကိုပြောင်းဖြစ်ခဲ့ကာ အဲဒီမှာ ဆက်လက် တက်ဖြစ်ခဲ့ပြန်ပါတယ်။ ခုနစ်တန်းနှစ်ကနေ ဆယ်တန်းအထိကို လသာကျောင်းမှာ တက်ရောက်ဖြစ်ခဲ့ပြီး တက္ကသိုလ်ကိုတော့ အင်္ဂလိပ်အထူးပြု (အဝေးသင်) တက်ရောက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ အစ်ကိုဖြစ်သူက သီချင်းဆိုတာ နဲ့ပတ်သက်ပြီး ပြောပြပေးတာမျိုး၊ သူကိုယ်တိုင် ဘုရားကျောင်းမှာ သီချင်းတွေဆိုရင်း လေ့လာတာမျိုး၊ သူငယ်ချင်းတွေနဲ့ ဂစ်တာတွေတီး၊ သီချင်းတွေ ရေးရင်းနဲ့ ဆယ်တန်း အောင်မြင်ပြီးတဲ့ နောက်မှာတော့ ဂီတအလုပ်တွေကို သေချာလုပ်ဖြစ်ခဲ့ပါတယ်။
“ကျွန်တော့်သူငယ်ချင်းတွေက အခွေစုပြီး လုပ်မယ်လို့ ပြောလာတယ်။ အဲ့ဒီမှာ ပိုက်ဆံ သုံးသောင်းပေးရမယ်လို့ ပြောတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်အစ်ကိုကို ပြောတော့ သူကပဲ အဲဒီပိုက်ဆံကိုပေးပြီး အဲဒီအခွေမှာ ကျွန်တော့်ကို ပါဝင်သီဆိုစေခဲ့တယ်။ အဲဒီအခွေက ၁၉၉၉ ခုနှစ်လောက်မှာ စပြီးလုပ်ဖြစ်ခဲ့တာ။ စလုပ်တဲ့အချိန်တုန်းကတော့ ငယ်လည်းငယ်သေးတော့ ဘာမှန်းမသိဘူး။ သီချင်းဆိုနေရတာကိုပဲ ပျော်နေတာပေါ့။ အဲဒီအခွေကို ရတနာမြိုင်က ကိုချန်ဟိန်းက ထုတ်ပေးလို့ ၂၀၀၁ ခုနှစ်မှာ ထွက်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သီချင်းခွေတွေ၊ ပွဲတွေမှာ ဆိုဖို့အတွက် ကျွန်တော့်ကို ကမ်းလှမ်းလာကြတယ်။ အဲဒီထဲမှာမှ ဓာတ်ပုံကို ပီတာက ကျွန်တော့်သီချင်းတွေကို သဘောကျပြီး တစ်ကိုယ်တော်ခွေ ထုတ်ပေးဖို့ ပြောလာတယ်။ ၂၀၀၅ ခုနှစ်လောက်မှာ ကျွန်တော့်ရဲ့ ‘ရှိသည်ဖြစ်သည်’ ဆိုတဲ့ တစ်ကိုယ်တော်ခွေလေး ထွက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီကာလတွေတုန်းက မီးအရမ်းပြတ်တဲ့ ကာလတွေပေါ့။ ပရိသတ်တွေက အီလက်ထရွန်နစ်နဲ့ ပတ်သက်တဲ့ အင်တာတိန်းမန့်မျိုးတွေကို သိပ်စိတ်အာရုံမရောက်တဲ့ အချိန်မျိုးဖြစ်နေတာလည်း ပါတယ်။ အဲဒီလို စီးရီးခွေတွေ ရောင်းအားကျနေတဲ့ အချိန်မှာမှ ကျွန်တော်က တစ်ကိုယ်တော် အခွေထွက်လိုက်တော့ အဲဒီကျွန်တော့်ရဲ့ ပထမဆုံးစီးရီးခွေကိုလည်း ပရိသတ်တွေ သိပ်မသိလိုက်ဘူး” လို့ သူကသူ့ရဲ့ ဂီတလမ်းကြောင်းကို စတင်ဖြစ်ခဲ့ပုံ အကြောင်းကို ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။
ဂီတအလုပ်တွေ လုပ်နေရင်းနဲ့ စားဝတ်နေရေးပိုင်း အခက်အခဲတွေ ကြုံခဲ့ရတဲ့ ကာလတွေလည်း ရှိခဲ့ပြီး။ အဲဒီအချိန်တွေတုန်းကတော့ ILBC က ကလေးတွေကို Study Guide အနေနဲ့ စာသင်ပေးတာမျိုး၊ ပွဲတွေ၊ ကြော်ငြာတွေအတွက် ဒီဇိုင်းဆွဲပေးတာမျိုးတွေကို လုပ်ဖြစ်ခဲ့သလို ပွဲစီစဉ်သူ အနေနဲ့လည်း လုပ်ဆောင်ဖြစ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
“ဂီတအလုပ်ကို လုပ်နေတဲ့ကြားကပဲ ငွေကြေး အခက်အခဲတွေ၊ မိသားစု အခက်ခဲတွေလည်း အမှတ်မထင်ဘဲ ကြုံလာခဲ့ရတော့ အဲ့ဒီလို ဂီတအလုပ် မဟုတ်တဲ့ တခြားအလုပ်တွေကို လုပ်ရင်းနဲ့  ရလာတဲ့ ပိုက်ဆံနဲ့ ကျွန်တော့်ရဲ့ ဒုတိယစီးရီးကို လုပ်ဖြစ်ခဲ့တာပေါ့။ နောက်ပိုင်းမှာမှ ရှိုးပွဲတွေ ဆိုဖြစ်လာပြန်တော့ စာသင်တဲ့ အလုပ်တွေ၊ ဒီဇိုင်းဆွဲတဲ့ အလုပ်တွေကို ဆက်မလုပ်ဖြစ်တော့ဘဲ ဒီဘက်ကိုပဲ ပြန်လုပ်ဖြစ်ခဲ့တာပေါ့” လို့ သူကပြောပါတယ်။
သူ့ကို ပရိသတ်တွေ အထူးအားပေးခဲ့ကြတဲ့ ‘ခဏတာ’ ဆိုတဲ့သီချင်းလေးကလည်း သူ့ရဲ့ညီဖြစ်သူ ‘ကမ္ဘာ’ က ရေးသားထားတာဖြစ်ပြီး၊ Band တွေအစုံစုပြီး ‘ဘာလာလာ’ စီးရီးခွေ လုပ်မယ်ဆိုတဲ့အချိန်မှာ သူက အဲဒီသီချင်းနဲ့ ပါဝင်ဆိုဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ ပထမဆုံးထွက်ရှိခဲ့တဲ့ သူ့ရဲ့တစ်ကိုယ်တော် စီးရီးခွေထဲက ‘ကြိုနေစေချင်တယ်’ သီချင်းလေးကလည်း ပြန်လည် သီဆိုဖြစ်ခဲ့ရာမှာ မထင်မှတ်ဘဲ ပရိသတ်ကြားမှာ ထပ်မံပေါက်သွားခဲ့ပြန်ပါတယ်။
သူက လတ်တလောမှာတော့ ဖျော်ဖြေပွဲတွေသီဆိုဖို့ လက်ခံထားတာ ရှိသလို၊ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ ‘အစွန်းနှစ်ဖက်’ စီးရီးရဲ့ DVD ခွေလည်း ထွက်ရှိနိုင်ဖို့အတွက် စီစဉ်နေတယ်ဆိုတာ ပြောကြားရင်း ဒီကဏ္ဍလေးကို ခေတ္တရပ်နားလိုက်ပါတယ်။
 
Writer: 
သဲသီရိကျော်
Eleven Media မှကူးယူဖော်ပြပါသည်။
ကျေးဇူးပြု ပြီး အောက်ကကြော်ငြာပုံလေးကိုတစ်ချက်လောက် နှိပ်ပေးခဲ့ပါနော် …
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top