0

ဘေဂျင်း၊ နိုဝင်ဘာ ၁၀

တရုတ်နိုင်ငံမှ ပလတ်စတစ်ဆာဂျင် ခွဲစိတ်ဆရာဝန်များသည် နားရွက် အစားထိုးရမည့် လူနာတစ်ဦးအားသူ၏ လက်တွင် နားရွက်အသစ်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ကြောင်း People’s Daily သတင်းတွင် ဖော်ပြထားသည်။

ကျိဆိုသူ၏ ညာဘက် နားရွက်တစ်ဖက်သည် မတော်တဆ ပြတ်တောက်သွားခဲ့ပြီးနောက် သူက အွန်လိုင်းပေါ်က တစ်ဆင့် သူ့နားရွက်လေး ပြန်ဆက်ပေးရန် တောင်းပန်ချက်အရ ပညာရှင်များက အစားထိုးပေးနိုင်ရန် ကြံဆခဲ့ကြကြောင်း ယင်းသတင်းက ဆိုသည်။

ဒေါက်တာကောင်းရှုဇောင် ဦးဆောင်သည့် ရှန်ရှီးပြည်နယ်၊ ရှီအန်းဆေးရုံမှ ပညာရှင်အဖွဲ့သည် ကျိထံမှ အရိုးနုတစ်ချောင်းကို ထုတ်ယူပြီးနောက် နားရွက်နှင့် အနီးစပ်ဆုံး ပုံစံတစ်ခုကို တည်ဆောက်ပြီး လက်တွင်ထည့်သွင်းကာ မွေးမြူခဲ့ခြင်းဖြစ်ပြီး နောက်လေးလခန့် အကြာတွင် အစားထိုးရန် အသင့်အနေအထား ဖြစ်မည်ဟု ပြောကြားသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က မစ္စတာကျိသည် ကားမတော်တဆမှုဖြစ်ပြီး နားရွက်ပြတ်သွားခဲ့ကာ မျက်နှာလည်း စုတ်ပြတ်သွားသဖြင့် မျက်နှာအစားထိုးမှုကိုလည်း လုပ်ဆောင်ခဲ့ရသည်။

ကျိသည် မိမိနားရွက်ကို မရမရချင်း မပြည့်စုံသည့် ဘဝဟု မြင်မိသဖြင့် ၂၀၀၆ ခုနှစ်က အစားထိုး ခွဲစိတ်ပေးမှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့သော ဒေါက်တာကောင်းကို လိုက်ရှာကာ အကူအညီတောင်းပြီး ယခုလို အစားထိုးရန် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း China Daily သတင်းတွင်လည်း ဖော်ပြထားသည်။

ဒေါက်တာကောင်းက ကျိကို ခွဲစိတ်အစားထိုးမှုအား အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပထမအဆင့် အနေနှင့် ကျိ၏ ညာလက်ဖျံပေါ်တွင် ပြင်ဆင်ခြင်း၊ ဒုတိယအဆင့် အနေနှင့် လူနာ၏ နံရိုးနုကို ထုတ်ပြီး ပုံဖော်မွေးမြူခြင်းနှင့် တတိယအဆင့် အနေနှင့် အောင်မြင်ကြီးထွားလာသည့် နားရွက်ကို အစားထိုး တပ်ဆင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

နားရွက် အစားထိုးလုပ်ငန်းတွင် ဒုတိယအဆင့်သည် အခက်ခဲဆုံးဖြစ်ကာ လေးလမှ ငါးလတိုင်အောင် စောင့်ကြည့်မွေးမြူသွားရမည်ဟု ဆိုသည်။

မစ္စတာကျိကလည်း မိမိအနေနှင့် သာမန်လူသားတစ်ဦး အနေနှင့် နေထိုင်သွားနိုင်ရေးမှာ နားရွက်တစ်ဖက် ပြန်လည်ရရှိရေးသာ ဖြစ်ကြောင်း China Daily သို့ ပြောကြားသည်။

The Voiceမှ ကူးယူဖော်ပြပါသည်။

Post a Comment

 
Top