အလှမယ် တစ်ယောက်ဖြစ်သလို၊ သရုပ်ဆောင်လည်း လုပ်နေတဲ့ ထားထက်ထက်နဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ အယူတော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ အနုပညာ လောက ဖြတ်သန်းမှုမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ အကြောင်းနဲ့ အနုပညာ ခံယူချက်တွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။
Voice : ဒါရိုက်တာ ညိုမင်းလွင်နဲ့ ရိုက်နေတဲ့ အယူတော် မင်္ဂလာ ရုပ်ရှင်မှာ ထားထက်ထက် သရုပ်ဆောင်ရတဲ့ ကာရိုက်တာ အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
HHH : ဒီကားမှာ ညီမရဲ့ ကာရိုက်တာက နည်းနည်း ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ အကြားအမြင် ရနေတဲ့ ဗေဒင်ဆရာမ တစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေလည်း များတယ်။ ဒါပေမဲ့ ကိုညိုက သရုပ်ဆောင် တစ်ယောက်စီကို လုပ်ကွက်ရတဲ့ ကာရိုက်တာ တစ်ခုစီ ပေးထားပါတယ်။ အဲ့ဒီ အတွက် ဇာတ်လမ်းက မျှတယ်လို့ ပြောလို့ရပါတယ်။
Voice : ဒီလိုဇာတ်ရုပ်မျိုးက ထားထက်ထက်အတွက် ပထမဆုံး ရိုက်ဖူးတာ ဖြစ်မယ် ထင်တယ်နော်။ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲ။
HHH : ဒီဇာတ်ရုပ်က ညီမအနေနဲ့ ပထမဆုံး လုပ်ဖူးတာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ခက်ခဲမှာပေါ့ နော်။ ဒီကားမှာ ညီမရဲ့ ဇာတ်ရုပ်က အကြားအမြင် ဆရာမ ဆိုပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ပုံစံမျိုး မဟုတ်ဘူး။ နည်းနည်း အနောက် တိုင်းဆန်တဲ့ ပုံစံမျိုးပေါ့။ ဒီဇာတ်ရုပ်အတွက် အဓိကကတော့ အဝတ်အစားပိုင်းကို ကြိုပြီး ပြင်ဆင်ခဲ့ရတယ်။ အင်တာနက်ကနေပြီး အကြားအမြင် ဆရာမတွေရဲ့ ဝတ်စား ဆင်ယင်ပုံကို လေ့လာတယ်။
Voice : ကိုယ်တိုင်ရော ဗေဒင်တွေ၊ ယတြာတွေကို ယုံကြည်တဲ့သူမျိုးထဲမှာ ပါလား။
HHH : ကိုယ်တိုင်ကတော့ ဗေဒင်တွေ၊ ယတြာတွေကို အရမ်းကြီး အယုံအကြည် ရှိတယ်လည်း မဟုတ်ဘူး။ မရှိဘူးလည်း မဟုတ်ဘူးပေါ့။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်နေတဲ့အတွက် ကံကံရဲ့ အကျိုးကိုတော့ ညီမ ပိုပြီး ယုံကြည်တယ်။ ဒါပေမဲ့ တစ်ခါတလေ စိတ်ကျဉ်းကျပ်တဲ့ စိတ်ညစ်တဲ့ အခါမျိုးတွေမှာ စိတ်ထွက်ပေါက် တစ်ခု အနေနဲ့ ဗေဒင်တွေ၊ ယတြာတွေ သွားမေးမိတာမျိုးတော့ ရှိတယ်။ သူများတွေက မှန်တယ်လို့ ပြောရင် ဟုတ်လား၊ မဟုတ်လား သိချင်တဲ့စိတ်နဲ့ သွားမေးဖြစ်တယ်။
Voice : သရုပ်ဆောင်ဘက်မှာ ထားထက်ထက်ရဲ့ လှုပ်ရှားမှုတွေ သိပ်ပြီး မတွေ့ရသေးဘူးနော်။ အဲ့ဒါက ဇာတ်လမ်းတွေ ရွေးနေလို့လား။
HHH : ဇာတ်လမ်း ရွေးတာလည်း ပါပါတယ်။ ဇာတ်ကားတိုင်းကိုတော့ ညီမ မရိုက်ဖြစ်ဘူး။ ကိုယ်နဲ့ အဆင်ပြေမယ့် ဇာတ်လမ်းမျိုး၊ ပရိသတ်တွေအတွက် ရသ တစ်ခုခု၊ အသိအမြင် တစ်ခုခု ရနိုင်မယ့် ဇာတ်လမ်းမျိုးတွေဆိုရင် ရိုက်ဖြစ်တယ်။ ကိုယ်လည်း တကယ် လုပ်နိုင်မယ့်၊ ယုံကြည်မှု ရှိရှိနဲ့ ရိုက်နိုင်မယ့် ကာရိုက်တာမျိုးတွေကိုလည်း ရွေးပြီး ရိုက်ဖြစ်ပါတယ်။
Voice : အနုပညာ လောကမှာက ကိုယ့်ရဲ့ ကြိုးစားမှုအပြင် ပေါင်းသင်း ဆက်ဆံရေးကလည်း အရေးကြီးတယ်လေ။ ကိုယ်က Miss လောကကနေ သရုပ်ဆောင်ဘက်ကို ကူးတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရလဲ။
HHH : ပွင့်ပွင့်လင်းလင်း ပြောရရင် အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒီလောကမှာက မကောင်းတဲ့သူတွေ အများကြီး ရှိသလို၊ ကောင်းတဲ့သူတွေလည်း အများကြီးပါပဲ။ ညီမ အနေနဲ့ကတော့ ပေါင်းသင်း ဆက်ဆံရေးမှာ တကယ့်စိတ်ရင်းနဲ့ ကိုယ်လုပ်ပေးနိုင်တာ ရှိရင် လုပ်ပေးတယ်။ လူတိုင်းပေါ်မှာလည်း စေတနာ ထားပါတယ်။ ကိုယ့်အပေါ်မှာ စေတနာ ပြန်ထားပေးတဲ့ သူတွေ ရှိသလို၊ ကိုယ့်ရဲ့ အားနာတတ်မှုကို အခွင့်အကောင်း ယူပြီး ကိုယ့်ကို နင်းသွားတဲ့ သူတွေလည်း အများကြီး တွေ့ဖူးတယ်။ ညီမကတော့ ကိုယ့်အရည်အချင်းကို ကြိုက်လို့ လာငှားတာမျိုးကိုပဲ ရိုက်ချင်တယ်။ တချို့လူတွေ အမြင်မှာကျတော့ အရမ်းကြီး ကပ်မှ ကားရိုက်များမယ်လို့ ထင်ကြတယ်။ ညီမကတော့ အားလုံးကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တယ်။ ဒါပေမဲ့ အရမ်းကြီး ကပ်မှ နေရာ တစ်ခုရမယ် ဆိုရင်တော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။
Voice : ကိုယ့်ရဲ့ ခံယူချက်ကြောင့် လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေရော ရှိလား။
HHH : အများကြီးရှိတာပေါ့။ အဲ့ဒါမျိုးတွေက အတိအကျတော့ ပြောလို့ မရဘူးပေါ့နော်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံကြောင့် လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေလည်း ရှိတယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံကို သဘောကျလို့ ရောက်လာတဲ့ အခွင့်အရေးတွေလည်း အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့ ကာရိုက်တာ၊ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းတဲ့အတွက် အခွင့်အရေးတွေ လက်လွတ် ဆုံးရှုံးရရင်လည်း ညီမ နောင်တတော့ မရပါဘူး။ ရိုးရိုးသားသားနဲ့ပဲ အောင်မြင်မှုရဖို့ ကြိုးစားချင်တယ်။ သူများတွေထက်တော့ အချိန်နည်းနည်း ပိုကြာတာပေါ့။
Voice : အနုပညာ လောကမှာ အောင်မြင်မှုရဖို့ ကိုယ့်ရဲ့ ကြိုးစားမှုအပြင် ဘာတွေက အရေးကြီးသေးလဲ။
HHH : ကိုယ့်ရဲ့ ကြိုးစားမှုကတော့ အဓိက အရေးကြီးဆုံးပေါ့နော်။ ပြီးရင်တော့ အနုပညာ အလုပ်အပေါ် ထားတဲ့ ကိုယ့်ရဲ့ ခံယူချက်ပေါ့။ ညီမလည်း ဒီလောကကို စဝင်တုန်းက မှားတတ်တဲ့ လမ်းကြောင်းတွေ အများကြီး တွေ့ပါတယ်။ ဒီလောကကို ဝင်မယ့်သူတွေကို ညီမ အကြံပေးချင်တာက ကိုယ့်မှာ အရည်အချင်း ရှိအောင် အရင်ဖြည့်ပါ။ အနုပညာနဲ့ ပတ်သက်တဲ့ သင်တန်းဆိုလည်း တက်သင့်တာ မှန်သမျှ အကုန်တက်ပါ။ သရုပ်ဆောင် တစ်ယောက် လုပ်မယ်ဆိုရင် ကိုယ်အကုန်တတ်ထားတာ မမှားပါဘူး။ ကိုယ့်ဘက်က အရည်အချင်း ပြည့်စုံနေရင် ဘာကိုမှ ကြောက်စရာ မလိုပါဘူး။ ဒီအနုပညာ လောကမှာ ကောင်းတဲ့သူတွေ ရှိသလို၊ မကောင်းတဲ့ သူတွေလည်း ရှိ တယ်။ အဲ့ဒါကို ကိုယ့်ဘက်က သတိထားပြီး ရှောင်နိုင်ဖို့လိုတယ်။ သရုပ်ဆောင် အသစ်လေးတွေဆိုရင် တစ်ခု လုပ်ပေးမယ်လို့ အမျှားခံရပြီး ဘဝပျက်သွားတဲ့ သူတွေလည်း အများကြီး ရှိတယ်။ ရှေ့ကို မရောက်လာတော့ဘဲ ပျောက်ကွယ်သွားတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပေါ်မှာ ယုံကြည်ပြီး ကြိုးစားရင် တစ်ချိန်မှာတော့ အောင်မြင်လာမှာပါ။
Voice : ထားထက်ထက် ရိုက်ထားပြီးတဲ့ ရုပ်ရှင် ဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားတွေ ရုံတင်ဖို့ရှိလဲ။
HHH : ညီမ ရိုက်ထားတဲ့အထဲက လူကြမ်း တစ်ယောက်ရဲ့ဒိုင်ယာရီ ဇာတ်ကားက ရုံတင်တော့မယ်လို့ ကြားပါတယ်။ အဲ့ဒီကားက ပထမဆုံး ရုပ်ရှင်ကား ဖြစ်တဲ့အတွက် လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးကလည်း ညီမကို လက်တွဲ ခေါ်ပေးကြပါတယ်။ ဇာတ်ကားကို ပြန်ကြည့်တဲ့ အခါမှာတော့ အားမလို အားမရ ဖြစ်တာတွေ အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ရင်းနဲ့ပဲ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ညီမ ကြိုးစားသွားမှာပါ။
သန့်ဇင်ဦး
The Voice မှ ကူးယူေ်ပြပါသည်။
Post a Comment